ဂန့်ဂေါ ဇန်နဝါရီလ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ လေယာဉ်ကွင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက် ယာယီဖွင့်လှစ်ထားသည့် ပျံကျဈေးကို မြို့မဈေးကြီးဧရိယာအတွင်းသို့ ယနေ့ နံနက်ပိုင်းမှစတင်၍ ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ပေးခဲ့သည်။
ယခင်က မြို့မဈေးကြီးအတွင်းရှိ ပျံကျဈေးသည်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးနိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ယာယီပျံကျဈေးအား လေယာဉ်ကွင်း အတွင်းသို့ (၂၂-၃-၂၀၂၀)ရက်နေ့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့သည်။
ယခုအခါ ဂန့်ဂေါမြို့အား (၁၁-၁၂-၂၀၂၁)ရက်နေ့မှစတင်၍ Stay at Home ဒေသအဖြစ်မှ ကင်းလွတ်ပြီဖြစ်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးကော်မတီတို့၏ ကြီးကြပ်မှုဖြင့် (၃၁-၁၂-၂၀၂၁)ရက်တွင် ယာယီပျံကျဈေးသည်များအား မြို့မဈေးကြီး ဧရိယာအတွင်းသို့ ပြန်လည် ပြောင်းရွှေ့၍ နေရာများသတ်မှတ်ချထားပေးခဲ့ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဈေးရောင်းသူများနှင့် ဈေးဝယ်သူ များအား ယနေ့ ဇန်နဝါရီ ၃ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)