ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၇၁၀၈၇ ဧက စိုက်ပျိုးရန် လျာထား

ပွင့်ဖြူ   ဩဂုတ်  ၂၄

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပွင့်ဖြူမြို့နယ်သည် နှစ်စဉ် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံး မြို့နယ် တစ်ခုဖြစ်ရာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း စုစုပေါင်း မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက အထိ စိုက်ပျိုးသွားရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် က “ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ မကွေးတိုင်းဒေသကြီးအတွင်း ဆန်စပါး အများဆုံး စိုက်ပျိုးတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ အခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာလည်း စပါးစိုက်ဧကပေါင်း ၇၁၀၈၇ ဧက လျာထားပြီး စိုက်ပျိုးမှု အနေနဲ့ကတော့ အစိုးရဆည်ရေသောက်စနစ်ဖြစ်တဲ့ မဲဇလီ ၊ အိုင်းမ ၊ လင်းဇင်း ဆည်ရေတွေနဲ့ ၆၅၅၈၉ ဧက ၊ ရွာသာကြီး ၊ ကျောင်းကုန်းကြီး ၊ ရေပုတ်ကလေးနဲ့ ဘုရားကုန်း လျှပ်စစ်ရေတင်စနစ်နဲ့ ၈၈၆ ဧက ၊ ဆည်ငယ် ၊ ကန်ငယ် ရေသောက်စနစ်နဲ့ ၃၈၂ ဧက ၊ ရေစုပ် စက် စနစ်နဲ့ ၁၆၁၀ ဧက နဲ့ မိုးကောင်းသောက်စနစ်နဲ့ ၂၆၂၀ ဧက ဖြစ်ပါတယ်” ဟု ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပျိုးထောင်ရေနှင့် စိုက်ပျိုးရေများကို စနစ်တကျ ဖြန့်ဝေပေးလျက်ရှိသည့်အပြင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကလည်း လိုအပ်သည့်စိုက်ပျိုးနည်းစနစ်များနှင့် သွင်းအားစု ပစ္စည်းများ ကူညီပေးလျက်ရှိရာ တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးခွင့်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )