တောင်ငူ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း နေထိုင်ကြသည့် လူနေအိမ်အချို့အတွင်း ရေတင်ကျန်မှုများ ဖြစ်ပေါ်

တောင်ငူ သြဂုတ် ၂၄

တောင်ငူမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းတစ်ချို့ နေထိုင်ကြ သည့် လူနေအိမ်များ၌ ရေတင် ကျန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ယနေ့နံနက်ပိုင်းက အမှတ် (၁ဝ) ရပ်ကွက် နယ်မြေ (၄) အတွင်းနေထိုင်သူတစ်ဦးထံမှ သိရသည်။

“မိုးအဆက်မပြတ်ရွာတာ ၃ ရက်လောက်ရှိပြီ။ မိုးတွေက ဆက်တိုက်ရွာတော့ ကျုံးရေတွေ လျှံပြီး ယိုးဒယားပေါက် ရေမြောင်း ကနေ စီးဆင်းတယ်။   ရေမြောင်း အောက်​ပိုင်းဘေး ကပ်ရပ် ရှိနေတဲ့ အိမ်တစ်ချို့ကို ရေဝင်တယ်။  ​အောက်ဖက် က ရေစီးတဲ့မြောင်းတွေမှာ အမှိုက်တွေ ဆို့နေတော့ ရေတွေက မစီးတတ်တော့ဘူး။ အခုလက်ရှိတော့ ရေတင်တုန်းပဲ မိုးလည်း သိပ်မရွာတော့ဘူး အခြေအနေမျိုးကျရင် ရေကျသွားမယ်ထင်ပါတယ်” ဟု (၁၀)ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦး က ဆိုသည်။

တောင်ငူမြို့နယ်အတွင်း သြဂုတ်လ ၂၄ ရက်နေ့ မိုးရေချိန်တိုင်းထွာချက်အရ (၀ ဒသမ ၂၄ လက်မ) ရှိပြီး သြဂုတ်လ ၂၃ ရက်နေ့ တိုင်းထွာချက်အရ  စစ်တောင်းမြစ် (တောင်ငူ)၏ မြစ်ရေ အမှတ် ၃၉၂ စင်တီမီတာ ရှိကြောင်း၊ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီတာအောက် သာရှိကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇော်ထက် (တောင်ငူ)