မော်လမြိုင် ဇန်နဝါရီ ၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်း အဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်း တို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကို ကာကွယ် တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည် ဖြစ်ကြောင်း၊ မိဘပြည်သူများ အနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက် နာကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင် ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)