ချောင်းဆုံ ဇန်နဝါရီ ၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကာကွယ်ရေး ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ Volunteer များနှင့် လူမှုရေးသင်းအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ချောင်းဆုံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ရပ်ကွက်၊ ကျေးရွာများအထိ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့်အတူ လိုက်ပါဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ကိုယ်ကျိုးမဖက်ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ချောင်းဆုံမြို့နယ် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ ရွှေမြင့်မိုရ်ပရဟိတအသင်း၊ ကျေးရွာများတွင် ဖွဲ့စည်းထားသည့် လူငယ် ပရဟိတအသင်းတို့အား မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဂုဏ်ပြု မှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)