ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

မော်လမြိုင် ဩဂုတ် ၂၄

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို သြဂုတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀) နာရီက မော်လမြိုင် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လပတ် အစီရင်ခံစာကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က တင်သွင်းခြင်း၊ မွန်ပြည်နယ် စာရင်းစစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းစစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနအချို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက် များနှင့်စပ်လျဉ်းသောအစီရင်ခံစာကို မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦး ကတင်သွင်းခြင်း၊ မွန်ပြည်နယ် လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ် များ လေ့လာ သုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်း နှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူ ကတင်သွင်းခြင်းတို့ကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်းကြေညာသည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ အဖွဲ့ဝင်(၁၀)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းရေးကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ မှ အတည်ပြု၍ မွန်ပြည်နယ် လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ရပ်နားခဲ့ပြီး သြဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၁၀)နာရီ တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)