သီပေါ သြဂုတ် ၂၄
သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေးအပေါ်ထိခိုက်မှုသက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (CERP) COVID-၁၉ Economic Relief Plan အရဖွင့်လှစ်သော ကြက်မွေးမြူထုတ်လုပ်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက ရွှေကျောင်းရပ်ကွက် ဓမ္မာရုံတွင် ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သီပေါမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူထားသည့် တိရစ္ဆာန်အသေအပျောက် ပျက်စီး ဆုံးရှုံးမှု နည်းပါးစေရေး စသည်တို့အတွက်ရည်ရွယ်၍ နွားမေထုံမဲ့သားစပ်နည်းသင်တန်း၊ တိရိစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း၊ ကျွဲ/ နွားမွေးမြုရေး သင်တန်း၊ သိုး/ဆိတ်မွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ ကြက်မွေးမြူရေး သင်တန်း၊စသည်ဖြင့် ပညာရပ်(၆)မျိုးရှိရာ ယနေ့ပြုလုပ်သည့်သင်တန်းသည် ကြက်မွေးမြူထုတ်လုပ် ခေါင်းစဉ်ဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ကြောင်းနှင့် အခြားပညာရပ်များကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သီပေါမြို့နယ် ရွှေကျောင်းရပ်ကွက်ရှိ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူ များနှင့် မွေးမြူရေးလုပ်ငန်းအား စိတ်ပါဝင်စားသူ သင်တန်းသားဦးရေ(၂၀)ဦးအား ကြက်မွေးမြူထုတ်လုပ် သင်တန်း သင်ခန်းစာကိုသင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)