သီပေါ သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းဖြစ်သည့် ကမေထုန်မဲ့သားစပ်သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က မိုးတေကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက မေထုန်မဲ့ သားစပ်သင်တန်းကို ဆက်လက်သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းတွင် မျိုးစပ်ခြင်း၊ မျိုးပွားခြင်းဆိုင်ရာအကြောင်းအရာများသင်ကြားပို့ချပေးခဲ့ပြီး မေထုန်မဲ့ သားစပ်ခြင်းကို လက်တွေ့သရုပ်ပြခဲ့သည်။
အဆိုပါသင်တန်းသို့ မိုးတေကျေးရွာမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)