တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်

တာချီလိတ် ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများရွာသွန်းပါက ရပ်ကွက်များတွင် ရေကြီးရေလျှံ မဖြစ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ မြို့တွင်း ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များ ဆယ်ယူခြင်း၊ နုန်းများ ဆယ်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပါက ရေနုတ်မြောင်းများမှတစ်ဆင့် ရေလျှံလေ့ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် မြေနိမ့်ရာအရပ်တို့တွင် ရေဝင်ခြင်း၊ လမ်းမကြီးများပေါ်တွင်ရေဝပ် ရေလျှံခြင်းများ ဖြစ်ပေါ်လေ့ရှိရာ စည်ပင်သာယာရေးဝန်ထမ်းများက ရပ်ကွက်များတွင် သွားရောက်၍ ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များဆယ်ယူခြင်း၊ နုန်းများဆယ်ခြင်းကို ဆောင်ရွက်ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဦးဧနော့ဦးဆောင်သော စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် ဩဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ယနေ့ချိန်ထိဆောင်ရွက်ရှိရာ ဆက်လက်၍ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)