ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်

ရွာငံ    ဩဂုတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်CERP(Covid-19 Economic Relief Plan) အရ စပါးမျိုးစေ့ထုတ်လုပ်ငန်းတောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်း မှ အမှာစကားပြောကြားပြီး ရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့် က ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းဇော်ဟိန်း၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မျိုးသန့် တို့က ပေးအပ်ကြရာ တောင်သူများမှ လက်ခံရယူကြ သည်။

အဆိုပါ စပါးမျိုးစေ့ထုတ်လုပ်ငန်းများကို ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် (၁၂)ဧက၊ ကျောက်မြောင်းကျေးရွာတွင် ()ဧက နှင့် မြင်းကျဒိုးကျေးရွာတွင် (၃၅)ဧက စိုက်ပျိုးထုတ်လုပ်မည် ဖြစ်ရာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ တစ်ဧကလျှင် (၁၄၈၅၀၀/-)ကျပ်နှုန်းဖြင့် စုစု ပေါင်း ဧက(၅၀)အတွက် ငွေကျပ်(၇၄၂၅၀၀၀/-)ကို ရွှေရင်အေးစပါးမျိုးများဖြင့် စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်