လိပ်သို သြဂုတ်လ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် PAUNG SIE FACILITY ၏ပံ့ပိုးမှုနှင့် သံတောင်ကြီးအမျိုးများအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သံတောင်ကြီးအမျိုးသမီးများအဖွဲ့၏ ဒါရိုက်တာ ဒေါ်နော်မာမာချိုမှ နှုတ်ခွန်းဆက်စကား ပြောခဲ့ကြားခဲ့ပြီး လိပ်သိုမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
ထို့နောက် သံတောင်ကြီးအမျိုးသမီးများအဖွဲ့၏ ဒါရိုက်တာ ဒေါ်နော်မာမာချိုမှ လိပ်သိုမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေကျပ် ၂ သိန်း၊ Hand Gel နှင့် ဆပ်ပြာများကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး သင်တန်းကိုကျင်းပခဲ့ရာ သံတောင်ကြီးအမျိုးသမီးများအဖွဲ့၏ ဒါရိုက်တာ ဒေါ်နော်မာမာချိုမှ အမျိုးသမီးများအားလုံး ခေါင်းဆောင်မှုစွမ်းရည်ပိုမိုမြင့်မားလာစေရန်၊ အမျိုးသမီးများ ခေါင်းဆောင်မှုစွမ်းရည်ကို ပိုမိုသိရှိလာပြီး လက်တွေ့အသုံးချလာတတ်စေရန်၊ အမျိုးသမီးများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်လာတတ်စေရန် စသော သင်တန်း၏ရည်ရွယ်ချက်များကို ချပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။
အဆိုပါသင်တန်းသို့ လိပ်သိုမြို့ပေါ်ရှိ (၆) ရပ်ကွက်နှင့် လိပ်သိုဒေသရှိ ကျေးရွာ ၁၀ ရွာမှ အမျိုးသမီးသင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)