မြင်းခြံ ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက် အကူပြု တစ်ပိုင်တစ်နိုင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြင်းခြံခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းတင်က ငါးလုပ်ငန်းအကြောင်း သိကောင်းစရာ၊ မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ၊ အင်းအိုင်များအကြောင်းကို ပြောဆိုဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြင်းခြံခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွှေးမဉ္ဇူသန်းက ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ငါးမွေးကန်များနှင့်ပတ်သက်သော သိရှိထားရမည့်အချက်များကိုလည်းကောင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်တည်ငြိမ်အေးက ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့် စဉ် (GAqP)၊ မြစိမ်းရောင် (ငါးကဏ္ဍ) အကြောင်းကိုလည်းကောင်း ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းချိန် နံနက်(၉:၃၀) နာရီမှ ညနေ (၄) နာရီထိ (၂) ရက်တာသင်ကြားသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း ငါးလုပ်ငန်းလုပ်ကိုင်သော ကျေးရွာများတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေး ပညာပေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းတင်ထံမှ သိရသည်။
ကျော်စွာ(မြင်းခြံ)