လှိုင်းဘွဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှိုင်းဘွဲ ဩဂုတ် ၂၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာများနှင့် အမျိုးသမီးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းက ကလေးသူငယ်အခွင့်အရေးဆိုင် ရာဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ အကြံပြုချက်များကို ပူးပေါင်းဆောင်ရွက်ကြပါရန် အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဒုတိယဦးစီးမှူး ဒေါ်ချိုအိမ်သူက ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ လူမှုန်ဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် World Vision Myanmar အဖွဲ့ လှိုင်းဘွဲမြို့နယ် စီမံချက်တာဝန်ခံ ဒေါ်ခိုင်ယဉ်နုက ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးစိုင်းရန်နောင်က (၅.၃.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သောအစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့်အဖွဲ့အစည်းများ၊ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)