ကမမောင်း သြဂုတ် ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဖာပွန်-ကမမောင်း-ဝါးဘိုးတောကားလမ်းပေါ်ရှိ လမ်းရေကျော်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
သံလွင်မြစ် ရေမြင့်တက်လာမှုကြောင့် ကမမောင်းမြို့တွင်း အနိမ့်ပိုင်းနှင့် မြို့ပေါ်ရပ်ကွက်များ၊ မြို့တွင်းလမ်းအချို့နေရာများတွင် ရေဝင်ရောက်မှုများ၊ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဖာပွန်-ကမမောင်း-ဝါးဘိုးတောလမ်း (၉၂) ကီလိုမီတာနှင့် (၉၃) ကီလိုမီတာအတွင်း ရေကျော်မှုများကြောင့် ယာဉ်ကြီးများသာ သွားလာနိုင်ပြီး ယာဉ်ငယ်များဖြတ်သန်းသွားလာခြင်းမရှိကြောင်း၊ လမ်းရေကျော်သည့်နေရာများတွင် ဖြတ်သန်းသွားလာမှု အဆင်ပြေစေရေးနှင့် အန္တရာယ်မရှိစေရေးအတွက် လမ်းပြငုတ်စိုက်ထူခြင်း၊ ကြိုးသွယ်တန်းခြင်းများကို မြို့အုပ်ချုပ်ရေးမှူး၊ လမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လမ်းဦးစီးဌာနမှ သိရသည်။ သံလွင်မြစ်ရေမြင့်တက်မှုအခြေအနေသည် ကမမောင်းမြို့တွင် လက်ရှိ (၆၅၀) စင်တီမီတာ ရှိပြီး စိုးရိမ်ရေအမှတ်မှာ(၇၃၀) စင်တီမီတာဖြစ်ကြောင်း သိရသည်။
နော်ကွယ်ကပေါ်ဖော(ပြန်/ဆက်)