တံတား ဩဂုတ် ၂၄
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ (၅)နှစ် အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက တံတားမြို့ အမှတ်-၂ ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းပေးခြင်း၊ ဆေးတိုက်ကျွေးရာတွင် အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ်များအား ဗီတာမင်-အေ(၁)သိန်းအား အသက်(၁) နှစ်မှ(၅)နှစ်အထိ ကလေးငယ် များအား ဗီတာမင်-အေ(၂)သိန်းအားနှင့် အသက်(၂)နှစ်မှ (၅)နှစ်အထိ ALBENDAZOLE (၄၀၀) မီလီဂရမ်သံချဆေး(၁)လုံးတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိုက်ကျွေး ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင် ထံမှ သိရှိရသည်။
အဆိုပါဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို တံတားမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် သြဂုတ်လဒုတိယပတ် မှ သြဂုတ်လ(၂၆)ရက်နေ့အထိ တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)