လိပ်သို သြဂုတ် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ကက်သလစ်ဓမ္မာရုံ၌ PAUNG. SIE. FACILITY ၏ ပံ့ပိုးမှု၊ သံတောင်ကြီး အမျိုးသမီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုလျေ့ချရေးသင်တန်းကို သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်တာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် သံတောင်ကြီးအမျိုးသမီးအဖွဲ့၏ သင်တန်းနည်းပြဆရာ ဦးကျော်သူနိုင်က ကျား/မရေးရာအခြေပြုအကြမ်း ဖက်မှု လျော့ချရေးနှင့်ပတ်သက်၍ အမျိုးသမီးအမျိုးသားကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသောအကြမ်းဖက်မှုများအကြောင်း၊ အမျိုးသမီးများကို ထိခိုက်နစ်နာစေမှုများအကြောင်း၊ ခွဲခြားဆက်ဆံမှုကိုဖြစ်စေသော ပုံသေကားကျယူဆ ချက်များအကြောင်း စွမ်းဆောင်နိုင်ရည်နှင့် စွမ်းဆောင်နိုင်ခွင့်မြင့်တင်ခြင်းအကြောင်း၊ တန်းတူညီမျှခြင်းအကြောင်းတို့ကို သင်ထောက်ကူပစ္စည်းများဖြင့် အကျယ်တဝင့်အသိပညာပေးပို့ချခဲ့သည်။
ဆက်လက်၍သင်တန်းသားများကို အစုအဖွဲ့ ၅ ဖွဲ့ခွဲ၍ မိမိတို့နားလည်သိမြင်ယူဆချက်များအား ပြန်လည်ဆွေးနွေး တင်ပြမေးမြန်းစေခြင်းတို့ ပြုလုပ်ခဲ့ပြီး နည်းပြဆရာ ကျော်သူနိုင်မှ အသေးစိတ် ပြန်လည်ရှင်းလင်းသင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ လိပ်သိုနယ်မြေရှိ ကျေးရွာ ၆ ရွာမှ သင်တန်းသူ ၂၉ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)