ညောင်တုန်း ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အထူးမြန်ဆန်လျက်ရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရောဂါကူးစပ် ပြန့်ပွားမှု မရှိစေရန် မိမိတို့မြို့နယ်တွင် ရောဂါကြိုတင် ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးနှင့် ပြန့်နှံ့မှုမရှိစေရေးအတွက် ရပ်/ကျေးအုပ်စုများတွင် ပညာပေးလှုံ့ဆော်ရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရမည်ဆိုပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဈေးများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီရောင်းချရန်၊ KTV၊ Bar များ ဖွင့်လှစ်ခြင်းအား ခွင့်မပြုရန်နှင့် သတ်မှတ် ညွှန်ကြားချက် များအား လိုက်နာမှုရှိစေရန်တို့အား သက်ဆိုင်ရာ ကဏ္ဍအလိုက် ကော်မတီများဖွဲ့စည်း ဆောင်ရွက် သွားရန်အကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများမှ ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများ နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)