ကွတ်ခိုင် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ တိရစ္ဆာန်ထိန်းချုပ်ရေးစခန်း၊ သင်တန်းခန်းမ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ဒုတိယအကြိမ် မွေးမြူရေးဆိုင်ရာ ပညာရပ်များနှင့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေးရာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ မွေးမြူရေး တောင်သူများနှင့် ကျွဲ၊ နွား ကုန်သွယ်ရေး လုပ်ငန်းပြုလုပ်နေသည့် လုပ်ငန်းရှင်(၄၅)ဦးခန့် တက်ရောက်သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာအောင်မျိုးအေးက သင်တန်းသား မွေးမြူရေး တောင်သူများနှင့် ကျွဲ၊ နွား ကုန်သွယ်ရေးလုပ်ငန်းပြုလုပ်နေသည့် လုပ်ငန်းရှင်များ အနေဖြင့် သင်တန်းကာလအတွင်း နည်းပြဆရာများ၏ သင်ကြားပို့ချမှုအား စိတ်ဝင်စားစွာ လေ့လာရန် လိုအပ်ကြောင်းနှင့် သင်တန်းပြီးဆုံးသွားပါက ၎င်းပညာရပ်များအား အကျိူးရှိစွာ ပြန်လည် အသုံးပြုရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
“အဓိက ကတော့ ကွတ်ခိုင်မြို့နယ်အတွင်းမှာရှိတဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်နဲ့ တခြား မွေးမြူရေးတိရိစ္ဆာတွေအနေနဲ့ လျှာနာ၊ ခွာနာ ကင်းရမယ်၊ လည်ချောင်းကွင်းရောဂါနဲ့ တခြား ကူးစက် ရောဂါတွေအားလုံး တစ်ကောင်မကျန် ကင်းဖို့လိုအပ်ပါတယ်၊ အဲဒီလို ကင်းဖို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ မူဝါဒတွေ၊ ညွှန်ကြားချက်တွေ ချမှတ်ပြီး လုပ်ဆောင်နေပါတယ်၊ မွေးမြူရေးတောင်သူနဲ့ လုပ်ငန်းရှင်တွေကလည်း မွေးမြူရေး ဆိုင်ရာ အသိပညာဗဟုသုတတွေ ကျယ်ကျယ်ပြန့်ပြန် သိဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာ အောင်မျိုးအေးက ပြောကြားခဲ့သည်။
ပထမအကြိမ် ဖွင့်လှစ်သည့်သင်တန်းသို့ တက်ရောက်ပြီး ယခုအခါ ကျေးရွာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုယ်တိုင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ကွတ်ခိုင်မြို့၊ အမှတ်(၅)ရပ်ကွက်မှ ဦးဇော်ကိန်က “မွေးမြူရေးတောင်သူတွေအနေနဲ့ ကျွဲ၊ နွားတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျန်းမာရေး စစ်ဆေး နိုင်မယ်၊ ကူးစက်ရောဂါတွေကိုလည်း ကိုယ်တိုင် တားဆီး ကာကွယ်နိုင်မယ်၊ ဒီသင်တန်းတက်ပြီးရင် ကျွဲ၊ နွားတွေကိုလည်း စံပြဖြစ်အောင်မွေးနိုင်မှာ ဖြစ်တဲ့အတွက် ဒီသင်တန်းက အင်မတန် အကျိူးကျေးဇူးများတယ်” ဟု ပြောကြားခဲ့သည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျွဲ၊ နွား မွေးမြူရေးတောင်သူများနှင့် ကျွဲ၊ နွား ကုန်သွယ်ရေး လုပ်ငန်းပြုလုပ်နေသည့် လုပ်ငန်းရှင်များ အနေဖြင့် ကျွဲ၊ နွား အသုံးပြူမှုအပေါ် ထိခိုက်ခြင်း မရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မူဝါဒများ၊ ညွှန်ကြားချက်များ ချမှတ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဘဉာဏ်(ပြန်/ဆက်)