သီပေါ သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ယနေ့နံနက် ၅ နာရီအချိန်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် နားမခေါ်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး တောင်ကျရေများ စီးဆင်း၍ နားမခေါ် ကျေးရွာအတွင်း စီးဆင်းသည့်ချောင်းမှရေလျံပြီး ကျေးရွာအနိမ့်ပိုင်းရှိ လူနေအိမ် (၁၈)လုံးခန့် ရေဝင် ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၁၈)အိမ်၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၇၀)ဦးခန့်ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ နားမခေါ်ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့ပေးထား ကြောင်းနှင့် ထိုသို့ ရေဝင် ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ခင်နီလာစိုး(သီပေါ၊ပြန်/ဆက်)