ဗန်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေး

ဗန်းမော်    ဩဂုတ်   ၂၄

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအား အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဗန်းမော် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်(ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီမှ စတင်၍ ဗန်းမော်မြို့ သာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မဲစာရင်းတွင် နာမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိဘဲ မဲကွက်လပ်ဖြစ်နေသူ(၆ဝ)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စနစ်တကျ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

“၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းတွင်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ကွက်လပ်ဖြစ်နေသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ အဲ့ဒီလို ဆောင်ရွက်ပေးတဲ့အခါမှာ ကာယကံရှင်ရဲ့ အိမ်ထောင်စုမိတ္တူ၊ အဖေ အမေ မှတ်ပုံတင်မိတ္တူ အထောက်အထား၊ ရပ်ကွက် ထောက်ခံချက်တွေ အချက်အလက်ပါလာရင် ကျွန်တော်တို့ ကွင်းဆင်းအဖွဲ့က စစ်ဆေးပြီးမှ အိမ်ထောင်စုမှာ ပါ/မပါအရင်စစ်တယ်၊ မဲစာရင်းမှာ ပါ/မပါ၊ မဲရုံနံပါတ်ဘယ်လောက်၊ မဲအမှတ်စဉ်ဘယ်လောက်မှာ ပါတာကို စိစစ်ပြီးမှ နိုင်ငံသား စိစစ်ရေးကတ်ပြားကို ဆောင်ရွက်ပေးပါတယ်၊ နောက်ထပ် ကျန်ရှိတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာလဲ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားပါမယ်” ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော် (ဦးစီးအရာရှိ)က ပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)