ထီးချိုင့် ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စည်ပင်သာယာစျေးနှင့် စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများ တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း(Mask)ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မစည်ပင်သာယာဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ပြည်သူများ အိမ်အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ကြစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအား လိုက်နာ ဆောင်ရွက်ကြစေရန် ယခုလိုနှိုးဆော်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်မှ ပြောကြားခဲ့သည်။
အဆိုပါ ဖြန့်ဝေမှုတွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များအား စျေးရောင်း/ စျေးဝယ်လာရောက်သူများနှင့် လမ်းသွား လမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)