ပုသိမ် သြဂုတ် ၂၄
ဧရာဝတီ တိုင်းဒေသကြီးပုသိမ်မြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးချိန်တွင် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းကောင်း စပါးမျိုးစိုက်ပျိုးကြသည့် တောင်သူများ သို့ မျိုးစပါးအတွက်ကုန်ကျစရိတ်နှင့် စိုက်ပျိုးစရိတ်ကုန်ကျငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပသည်။
ရှေဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေး တို့က အမှာစကားများ ပြောကြားကြသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးကျော်သူရက စိုက်ပျိုးရေး ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ကို တောင်သူများ လက်ဝယ်သို့ပေးအပ်ခဲ့သည်။
နိုင်ငံတော်က အထွက်ကောင်မျိုး(HYV)တစ်ဧကကို ၁၄၈,၅၀၀/- ကျပ်၊ အရည်သွေးကောင်းမျိုး (HQV) တစ်ဧကကို ၁၅၀,၅၀၀/- ကျပ် ထောက်ပံရာ စုစုပေါင်း ၁၃၆၆ ဧကအတွက် ငွေကျပ်(၂၀၄,၆၃၅,၀၀၀/-)ကို တောင်သူ (၁၃၀)ဦး အတွက် ထောက်ပံခဲ့ကြောင်းသိရသည်။ ယနေ့ထောက်ပံ့ငွေပေးအပ်မှုမှာ အရည်သွေး ကောင်းမျိုး(HQV) စိုက်ဧက ၈၉၂ နှင့် အထွက်ကောင်းမျိုး(HYV) စိုက်ဧက ၄၇၄ ဧကအတွက် ထောက်ပံငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါး CERP အစီအစဉ် အရ ပုသိမ်မြိုနယ်တွင် ကျေးရွာပေါင်း ၂၀ တွင် တောင်သူ ၁၃၀ ဦးက လျာထားဧက ၁၃၆၆ ဧကရှိပြီး အထွက်ကောင်းမျိုး(HYV) ၂၁၃ ဧကနှင့် အရည်သွေးကောင်းမျိုး (HQV) ၈၈၂ ဧကစိုက်ပျိုး ပြီးစီးကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက ပြောကြားသည်။
မျိုးကောင်းမျိုးသန့် စပါးမျိုးများ လုံလောက်စွာရရှိရေး၊ အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်းကောင်းသော စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေး တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်၊ တောင်သူများကိုယ်တိုင် စပါးမျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်၍ ဒေသတွင်း မျိုးစေ့ အလွယ်တကူ အသုံးပြုနိုင်စေရန်နှင့် ကိုဗစ်-၁၉ အလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန်အတွက် နိုင်ငံတော်က ထောက်ပံတာဖြစ်ကြောင်း တို့ကို ပြောကြားခဲ့သည်။
မောင်မောင်မြင့်(ပြန်/ဆက်)