ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသား အိပ်ဆောင် အဆောက်အအုံလွှဲပြောင်းပေးအပ်ပွဲကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသား အိပ်ဆောင် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ တည်ဆောက်ပြီးစီးသည့် အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တည်ဆောက်ပြီးစီးသည့် ကျောင်းသားအိပ်ဆောင် ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ကြပြီး ကျောင်းသားအိပ်ဆောင် အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် တည်ဆောက်ပြီးစီးသည့် ကျောင်းသားအိပ် ဆောင်အား ရေရှည်တည်တံ့ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ တိုးပွားလာအောင် လေ့ကျင့်သင်ကြားပေး သွားရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းသားအိပ်ဆောင်အား တာဝန်ယူတည်ဆောက်သည့် Glassxy Power ဆောက်လုပ်ရေး  ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သက်စုအမာင်က ကျောင်းသားအိပ်ဆောင် အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပွင့်ဖြူမြို့စိုက်ပျိုးရေး သိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။  

ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသားအိပ်ဆောင် အဆောက်အအုံမှာ အလျား ၁၃၇ ပေ ၊ အနံ ၃၂ ပေရှိပြီး အာရ်စီနှစ်အဆောက်အဦ အမျိုးအစားဖြစ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၆၂ ဒသမ ၉၅ သန်းဖြင့် မကွေးမြို့၊ Glassxy Power ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းသားအိပ်ဆောင် အဆောက်အအုံသစ် အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားနိုင်တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီတင် ထံမှ သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)