ရေနံအစမ်းတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လူထု တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာ ၂၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော ONGC Videsh Limited (OVL) ကုမ္ပဏီ၏ ကုန်းတွင်းရေနံ လုပ်ကွက် EP-3 တွင် ရေနံအစမ်းတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ONGC Videsh Limited (OVL) ကုမ္ပဏီ၏ ကုန်းတွင်းရေနံ လုပ်ကွက် EP-3 တွင် ရေနံအစမ်းတွင်းတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်ရန် စီစဉ်ထားရှိသည့် အစမ်းတွင်း(၂)တွင်း ကို တစ်ပြိုင်နက်တည်း တူးဖော်လုပ်ဆောင်သွားမည့် အစီအစဉ်များနှင့် စီမံကိန်းများဆောင်ရွက် ရာတွင် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ(၂၀၁၄) နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တို့အရ အဆိုပါလုပ်ငန်းအတွက် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းကို International Environmental Managemet  Co.Ltd (IEM) နှင့် Environmental Quality Managemet  Co.Ltd (EQM) တို့မှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်များကို ONGC Videsh Limited (OVL) ကုမ္ပဏီမှ မန်နေဂျာ ဦးကျော်ဇောဟန်နှင့် MD ဒေါ်ဥမ္မာတင်လှိုင်တို့မှ ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သိရှိလိုသည်များမေးမြန်း ဆွေးနွေး ခြင်းနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် စီမံကိန်းအကောင်အထည် ဖော်ရာတွင် အများပြည်သူပူးပေါင်း ပါဝင်နိုင်ရေး သဘောထားအမြင်နှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ရည်ရွယ်၍ အများပြည်သူနှင့် တွေ့ဆုံဆွေးနွေး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)