သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

သရက် ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်  ကြိုတင်ကာကွယ်ရေးနှင့်     ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေး နှိုးဆော် ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း  (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက အနောက်ရပ်တောင်ပိုင်း၊ အောင်သီရိရပ်ကွက်တွင် မြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာ ပရဟိတအသင်းနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်း များက အသိပညာပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး‌နှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ ဗီဇ ပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း  နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲထွက်ခွါသွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊  လက်ကို စနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ ခပ်ခွါခွါနေထိုင်ကြရန်နှင့်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း  လိုက်နာကြရန်တိုက်တွန်း နှိုးဆော်ခဲ့ သည်။

ထို့အပြင် သရက်မြို့နယ်အတွင်းရှိ ဈေးသွား၊ ဈေးလာပြည်သူများ၊ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် မော်တော် ဆိုင်ကယ်စီးနင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask)  များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)