ဒေးဒရဲ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက အဆိုပါ ကျောင်းဝန်းအတွင်းရှိ နှစ်ထပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မင်းငြိမ်းက မျိုးဆက်သစ် လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေးအနှစ်သာရကို သိရှိပြီး တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ခင်မာချိုက လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဝင်းက လွတ်လပ်ရေး အောင်ပန်းတို့ဆွတ်ဖြန်း ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို့ ကျပန်းစကားပြောပြိုင်ပွဲအား တွဲလက်မြဲထား လွတ်လပ်ရေး စွမ်းပကား ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် အခြေခံပညာအလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၄)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)