အမာ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းသား/ ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန် ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲ၊ ထုတ် ဆီးတိုးပြိုင်ပွဲများနှင့် အခြားကစားနည်းများ၊ အငယ်တန်းမှ ကျောင်းသား/ ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ အပါအဝင် အခြားကစားနည်းမျိုးစုံပြိုင်ပွဲကို ကျင်းပခဲ့ပြီး အဆိုပါအားကစားပြိုင်ပွဲများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။
အမာ