နတ်တလင်း ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စသည်ဖြင့် ကျေးရွာအလိုက် လိုအပ်လျက်ရှိမှုများကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက တင်ပြချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)