ပွင့်ဖြူ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန က မြို့နယ်အတွင်း ဒေသခံ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲ က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီစဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းအား စနစ်တကျ မွေးမြူလုပ်ကိုင်တတ်စေရန်အတွက် တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့် အခြေခံမွေးမြူရေးဆိုင်ရာ မေထုန်မဲ့သားစပ်နည်းသင်ခန်းစာအား ဂရုတစ်စိုက် လေ့လာသင်ယူကြရန် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် သင်တန်းသားများကို မွေးမြူရေးလုပ်ငန်းတွင် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းများ ၊ ဆိတ် ၊ နွား ၊ ကျွဲ ၊ ဝက် ၊ သိုး နှင့် စပ်လျဉ်း၍ တိရစ္ဆာန် မေထုန်မဲ့သားစပ်နည်း စနစ်များ၊ မွေးမြူရေးခြံသန့်ရှင်းရေးလုပ်ငန်းများ စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့သည်။ အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)မှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)