မြစ်ကြီးနား ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တနိုင်းနှင့် ရှင်ဗွေယန်ဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် (၁၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တနိုင်းဒေသအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရှင်ဗွေယန်ဒေသတို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သည် သိသာစွာလျော့ကျခြင်းမရှိဘဲ ပုံမှန်အတိုင်းဖြစ်ပွားလျက်ရှိရာ အဆိုပါ မြို့နယ်အတွင်း ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက အင်ဂျန်းယန်ဒေသအတွင်း ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများ၊ တနိုင်းမြို့နယ်အတွင်း ရော ဂါဖြစ်ပွားမှုအခြေအနေများနှင့် ကာကွယ်ဆေးရရှိ ထိုးနှံပေးနိုင်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဘွမ်ယွန်က တနိုင်းဒေသသို့ သွားရောက်၍ နယ်လှည့်ကုသမည့် အစီအစဉ်များနှင့် ရောဂါပိုးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ရှင်းလင်း တင်ပြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အခမဲ့ကုသရေးဖောင်ဒေးရှင်း၏ တနိုင်းဒေသ နယ်လှည့်ကုသရေး ခရီးစဉ် အတွက် လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာကိစ္စ ရပ်များနှင့် ဒေသတွင်း ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြု လုပ်ခဲ့ကြပြီး ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်လျှောက်ထားလာမှုများအပေါ် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့် ကိုက်ညီပြီး ပြည်နယ်အတွက် အကျိုးရှိသည့် မြေယာအသုံးချမှုများဖြစ်စေရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းစိစစ်၍ ဆွေးနွေးပေးကြရေး တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့် က မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်ကော်မတီသို့ လုပ်ပိုင်ခွင့်၊ အသုံးပြု လျှောက်ထား လာမှုအပေါ် ဗဟိုကော်မတီနှင့် ပြည်နယ်ကော်မတီမှ ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစာတွဲတစ်ခုခြင်းစီ အလိုက် စိစစ်တင်ပြမှုများအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။
ပြည်နယ်(ပြန်/ဆက်)