ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ပညာရေးဌာနက ကြီးမှူးကျင်းပသော ခရိုင်အဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး ဒေါ်နှင်းကြည်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်မာလာရီနှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးဌာနမှ တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပညာရေးမှူး ဆရာမကြီးဒေါ်မာလာရီက ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်များအား တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်သူ ၂၄ ဦး၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦး၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦး၊ အလယ်တန်းအဆင့် ပိုစတာ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၄၃ ဦး၊ စုစုပေါင်း ၁၉၇ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ခရိုင်အတွင်းရှိ မြို့နယ်(၁၂)မြို့နယ်မှ အထက်တန်းကျောင်း ၅၀ ကျောင်း၊ အလယ်တန်းကျောင်း ၄၄ ကျောင်းနှင့် မူလတန်းကျောင်း ၁၂၃ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း အဆင့် အသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရရှိမည့် ကျောင်းသား၊ ကျောင်သူများအနေဖြင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အ-ထ-က ( ၂ )လသာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အောင်မြင့်(ပြန်/ဆက်)