သထုံ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို သထုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ( CERP )၏ Action Plan အရ ယမန်နေ့ နံနက် ၉ နာရီက ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ငါးသား ပေါက်များ အခမဲ့ ထောက်ပံ့ပေး အပ်ခဲ့သည်။
ငါးသားပေါက်ထောက်ပံ့ပေးအပ်ရာတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဌေးဝင်း၊ သထုံ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လှလှဝေ၊ ပေါင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမူး ဦးမျိုးကိုကို၊ သထုံ ငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးဝင်းဗိုလ်နှင့် ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်မောင်ရီတို့က ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ ၁၅ ဦးတို့၏ ငါးမွေး ကန်(၄၄.၇၀) ဧကအတွက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၈၉၄၀၀ အားထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ကာလ၌ အခြားစီးပွားရေးကဏ္ဍများနည်းတူ ငါးမွေးမြူရေးလုပ်ငန်းသည်လည်း ထိခိုက်မှုရှိသော ကြောင့် COVID-19 စီးပွားရေးကုစားမှု အစီအစဥ်အရ နိုင်ငံတော်အနေဖြင့် ငါးသားပေါက်များကို ထောက်ပံ့ ပေးလျက်ရှိရာ မွန်ပြည်နယ်၌လည်း ငါးမွေးတောင်သူ ၁၀၀ ကျော်အတွက် ငါးသားပေါက်ကောင်ရေ ၁၂ သိန်း ကျော်ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)