ငပုတော ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ ( ၂ )နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှလှဝင်းက မသန်စွမ်း သူများ ပြုစုစောင့် ရှောက်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် သက်ကြီး၊ သက်ငယ် မသန်စွမ်းသူသင်တန်း ကျောင်းများ ဖွင့်လှစ်၍ ပညာရေးနှင့်အတတ်ပညာများကို နေစရိတ်၊ စားစရိတ် အခမဲ့သင်ကြားပေးလျက် ရှိပါကြောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းခြင်း၊ အမြင်အာရုံမသန်စွမ်းခြင်း၊ အကြားအာရုံ မသန်စွမ်းခြင်းများစသည့် မသန်စွမ်း အမျိုးအစားအလိုက် ဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းကြီး(၇)ရပ်နှင့်အညီ ပြုစုစောင့် ရှောက်ပေးလျက်ရှိပါကြောင်း၊ ဘယ်လိုပင်မသန်စွမ်းသူများဖြစ်စေ ယခုကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းအားဖြင့် အဆိုပါ မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ရာတွင် အထောက်အကူများစွာ ရရှိစေမှာ ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိ စေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာ ပေးဆွေးနွေးပွဲ (Talk Show)များကို ငပုတောမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နုနုအေး