မင်းဘူး ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ၌ ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက် ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ကိုဌေးအောင်ထံမှ သိရသည်။
အဆိုပါ ပဲတိုင်ထောင် စိုက်ခင်းများကို အောက်တိုဘာလမှ စတင်ကာ စိုက်ပျိုးရောင်းချခဲ့ပြီး အတောင့် ၁၀၀ စည်း တစ်စည်းကို ငွေကျပ် ၁၂၀၀ ရောင်းချရကြောင်း၊ ပဲတိုင်ထောင်အပြင် ခရမ်းချဉ်သီး၊ နံနံပင်၊ မုံညှင်း၊ ရွှေပဲသီး၊ ငရုပ်သီး၊ ဘူးသီးပင်၊ ဆူးပုတ်ပင်နှင့် ငှက်ပျောပင်များပါ စိုက်ပျိုးထားကြသည်။
ပဲတိုင်ထောင်များကို တစ်ရက်ကျော်တစ်ခါ ခူးဆွတ်ရောင်းချရပြီး တစ်နေ့လျှင် ၇၀၀၀ ကျော်ရရှိကာ တစ်လလျှင် ငွေကျပ် ၁၀၀၀၀၀ ကျော်ရရှိသည့်အပြင် စိုက်ပျိုးပြီး ရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး နေ့စဉ်ပုံမှန် ဝင်ငွေရရှိနေသည့်အတွက် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်တန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာဖြစ်သောကြောင့် စပါးစိုက်ခင်းများအပြင် မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပင် များပါ စိုက်ပျိုးကြပြီး အချို့က တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း ဒေသခံ ပဲတိုင်ထောင်စိုက်ပျိုး ရောင်းချသူများမှ ပြောသည်။
ဇေယျာထက် (မင်းဘူး)