မြောင်းမြခရိုင် Community Centre တွင် English Basic Class (4 Skills) သင်တန်း ဖွင့်လှစ်

မြောင်းမြ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော English Basic Class(4 Skills) သင်တန်းကို ယနေ့ နေ့လယ် (၃)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

သင်တန်းတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများကို အသိပညာပေး ဗဟုသုတများ မျှဝေ ဖြန့်ဖြူးပေးခြင်းသည် မိမိတို့ဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်နှင့်အညီ ယခုလိုကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစေမည့်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြ ဒေါ်သင်းသင်းရွှေကလည်း English 4 Skills ဖြစ်သည့် Listening (နားထောင်မှုစွမ်းရည်)၊ Speaking (အပြောစွမ်းရည်)၊ Reading (စာဖတ်စွမ်းရည်)၊ Writing (အရေးစွမ်းရည်)တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ယူ တတ်မြောက်ထားဖို့လိုကြောင်း၊ English စာများထဲမှ အခြေခံအကျဆုံးကတော့ Listeningနောက်မှ Speaking ပြီးမှ Reading နဲ့ နောက်ဆုံး Writing ပဲ ဖြစ်ကြောင်းနှင့်ကလေးများကိုသင်ကြားရာမှာ ဝန်ထုတ်ဝန်ပိုးမဖြစ်စေပဲ Activities များစွာအသုံးပြုပြီး ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားသွားမှာဖြစ်ပါကြောင်း ပြောပြပေးခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ပတ်လျှင်(၂)ရက်ဖြင့် (၆)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးပြီး Certificate ပေး မှာဖြစ်ကြောင်း သိရပြီး ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ရူပါအေး