ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက (၂)သိန်းကျော်နှင့် အခြားသီးနှံ ဧက(၇)သောင်းကျော် စိုက်ပျိုးသွားမည်

ရွှေဘို ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက(၂)သိန်းကျော်နှင့် အခြားသီးနှံ ဧက(၇)သောင်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျွန်တော်တို့  ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း မြို့နယ်များ အနေဖြင့် သဖန်းဆိပ်ဆည်မှ ဆည်ရေ လုံလောက်မှုမရှိတဲ့အတွက်  (၂)နှစ်ဆက်တိုက် နွေစပါးစိုက်ပျိုးနိုင်ခဲ့ခြင်း မရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခှနှစ်မှာတော့ သဖန်းဆိပ်ဆည် ဆည်ရေလုံလောက်မှုရှိတဲ့အတွက် စိုက်ပျိုးရေများကို  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ (၇)နေ့တွင် ရေစတင်ပေးဝေးသွားမှာဖြစ်ပါတယ်။

အဆိုပါမြို့နယ်များတွင် နွေစပါးကို (SMC) (YMC)၊ (OMC)၊ (RMC) စသည့်တူးမြောင်းမှ စိုက်ဧက (၂၄၉၈၅၀) ၊အခြားသီးနှံကို (SMC)နှင့် (YMC) တူးမြောင်းမှ စိုက်ဧက (၇၅၀၀၀)ဖြင့် စိုက်ပျိုးရန်လျာထားကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေ က ပြောကြားသည်။

လာမည့်နှစ် နွေသီးနှံ စိုက်ပျိုးမည့် တောင်သူများ အနေဖြင့်  မိုးစပါးနှင့် မိုးသီးနှံ ရိတ်သိမ်းအပြီး နွေစပါးနှင့် အခြားသီးနှံများ  အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ ဦးစီးဌာနမှ ထုတ်ပြန်ထားသော သီးနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ မြေဆီလွှာ အဟာရဖြည့်တင်းရေး ဆိုင်ရာလုပ်ငန်းများနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ကြိုတင်စုဆောင်းနိုင်ရေးအတွက် မိမိတို့ဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ၎င်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)