လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)  ဒီဇင်ဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(၈)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ် လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပွဲများအား အတန်းအလိုက် အသင်း(၅)သင်းဖွဲ့ပြီး ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲအား အ-ထ-က(၈)မှ တာဝန်ခံ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရ သည်။

ဝေဝေ(ပြန်/ဆက်)