မြေပုံ ဒီဇင်ဘာ ၂၀
ပုစွန်မွေးတောင်သူများလည်း လူမှုစီပွားဘဝ (Socio-economic)များ တိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ရွှေ ဦးဆောင်ပြီး ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြေပုံမြို့နယ် ငမန်းရဲကျွန်းဒေသ၊ ပြင်းချောင်းကျေးရွာအုပ်စု၊ ငမန်းရွှေမြေ ရေငန်ပုစွန်မွေးမြူရေးဇုန်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီဖွင့်လှစ်သည်။
အဆိုပါ သင်တန်းကို ငမန်းရဲကျွန်းဒေသမှ လက်တွေ့ရေငန်ပုစွန်မွေးမြူသူ ၂၀ ဦး တက်ရောက်ကြပြီး လက်ရှိ ပုစွန်မွေးမြူနေသည့် နည်းစနစ်အား တစ်ဆင့်မြှင့် မွေးမြူနိုင်ရေးအတွက် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်ကျင်းအား ထိခိုက်မှု မရှိသော မွေးမြူထုတ်လုပ်ရေး ကျင့်စဉ်ပါ လိုက်နာ မွေးမြူနိုင်ကြစေရေးအတွက် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပို့ချသည်။
“နည်းစနစ်များအတိုင်း မွေးမြူလာကြပါက ထွက်ကုန်များလည်း ဈေးကွက်အခွင့်အလမ်း ပေါများပြီး EU နိုင်ငံအပါအဝင် နိုင်ငံတကာဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါတယ်။ စားသုံးသူများအနေဖြင့်လည်း အစားအစာ ဘေးအန္တရာယ်ကင်းရှင်း၍ ယုံကြည် စိတ်ချစွာ စားသုံးနိုင်သည့် အခွင့်အလမ်းများရရှိနိုင်ပါတယ်။”ဟု မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင်မောင်ရွှေ က ပြောပြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)