ပဲခူးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြသခြင်းများဆောင်ရွက်

ပဲခူး ဒီဇင်ဘာ ၂၀

‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ယဉ်ယဉ်နုက ပြပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုကြီး တည်တံ့စေဖို့ လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက် တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဓာတ်ပုံများကို ပြသထားခြင်း၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုး ထားတတ်စေရန်နှင့် လူငယ် လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲတွင် မြန်မာ့ လွတ်လပ်ရေး ရက်စဉ်သမိုင်း၊ မြန်မာ့သမိုင်းဝင်သူရဲကောင်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများနှင့် ထိန်းသိမ်းမှုသမိုင်း၊ သမိုင်းကိုလေ့လာမည့် စစ်သမိုင်းပြတိုက်ဆီသို့၊ လွတ်လပ်ရေး ပုံရိပ်များ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများ တွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)