ပန်းတောင်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရခြင်းများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၇)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၇)နေရာဖြစ်သည့် ကြခတ် (ဆုတောင်းပြည့်) ထုံးဘိုကျေးရွာ(မြသိန်းတန်ဘုရားကြီး)၊ ထောက်ကြန့်ကုန်း (ဘုန်းကြီးကျောင်း)၊ကျီးတောကျေးရွာ(ဓမ္မာရုံ)၊ဖရုံကားကျေးရွာ(ဘုန်းကြီးကျောင်း)၊တောင်ဘို့ကြီး(ခရစ်ယာန်ကျောင်း)၊ ရေကျော်ကျေးရွာ(ဘုန်းကြီးကျောင်း)ကျေးရွာတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံ နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ် (၇)နေရာတို့တွင် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ များအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။
ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး