သနပ်ပင် သြဂုတ် ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများ ထောက်ပံငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ကြူကြူမြင့်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိက လိုအပ်ချက်ဖြစ်သည့် သွင်းအားစု မျိုးကောင်းမျိုးသန့် မျိုးစေ့များအား တောင်သူများ လိုအပ်သည် ပမာဏကို အလွယ်တကူရရှိအသုံးပြုနိုင်ရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများအပေါ် ထိခိုက်မှုမရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်၊ စိုက်ဧက အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်၊ မှန်ကန်သည့်တောင်သူများ ရွေးချယ်ပေးနိုင်ရန်၊ အဆိုပါလုပ်ငန်းစဥ်တွင် မျိုးစေ့ထုတ်သမဝါယမအသင်းများ၊ အကျိုးဆောင်တောင်သူများအား ရွေးချယ်၍ အကောင်အထည်ဖော်ရွက်သွားမည်ဖြစ်ပြီး မျိုးစေ့ထုတ် စိုက်ဧက (၁၂၈၃) ဧက၊ တောင်သူ (၃၇၈) ဦး၊ ကျေးရွာအုပ်စု (၂၇) အုပ်စုကို နိုင်ငံတော်မှ ပေးအပ်ထောက်ပံ့သွားတာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ပဲခူးခရိုင်မျိုးစေ့ထုတ်တာဝန်ခံ ဦးခင်မောင်မြင့်၊ သနပ်ပင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှုး ဒေါ်ကြူကြူမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ စုစုပေါင်း အင်အား (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လှမိုး (သနပ်ပင်)