ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

   ပွင့်ဖြူ      ဒီဇင်ဘာ      ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည့် ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာ တောင်သူ ဦးမျိုးညွန့်ဦး၏  ကွင်းအမှတ်(၉၁၀) ဧရာမင်းမျိုးစပါးစိုက်ခင်း တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဒေသခံ တောင်သူများ စပါးသီးနှံ စိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် တောင်သူ ပညာပေး မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုး ရာတွင် သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တာဝန်ခံမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် အတူ ကံသာကြီးကျေးရွာ တောင်သူ ဦးမျိုးညွန့်ဦး၏ ဧရာမင်းမျိုး မိုးစပါးစိုက်ခင်း ( ၃ )ဧက အား စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျမ်းမျှ စပါး(အစို) ၁၁၃ ဒသမ ၂၈ တင်း နှင့် အခြောက်တင်းရေ ၁၀၁ ဒသမ ၉၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ် လုံး မိုးစပါး စိုက်ပျိုးဧကအနေဖြင့် ၆၈၇၈၃ ဧက လျာထားစိုက်ပျိုးထားရှိကြောင်း သိရကာ ယခုအခါ တောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါး စိုက်ခင်းများမှာ သီးနှံများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူ များက နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကောက်ရိတ် နေ့စား အလုပ်သမား ငှားရမ်း၍ လည်း ကောင်း ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ လည်းကောင်း အပြိုင်အဆိုင် သိမ်းဆည်း နေကြ ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )