ပွင့်ဖြူ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးစေ့ချကိရိယာ ( Multi Crop Seeder ) ဖြင့် ကုလားပဲမျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူ မြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းလွင်၏ ကွင်းအမှတ် ( ၉၁၀ ) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူပညာပေးကွင်းသရုပ်ပြပွဲတံင် မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မွန် က ဒေသခံတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာ လုပ်သားရှားပါးမှု အလက်အခဲများ ပြေလျော့သက်သာစေရေးအတွက် လယ်ယာသုံးစက် ကိရိယာ များ အသုံးပြုခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မင်းဘူးခရိုင်စက်မှု လယ်ယာဦးစီး ဌာနမှူး ဦးရဲမင်းထွဋ် က ရာသီ အလိုက် သီးနှံများစိုက်ပျိုးရာတွင် လယ်ယာသုံးစက် ကိရိယာများ အသုံးပြု၍ စိုက်ပျိုးပါက စိုက်နည်းစနစ် မှန်ကန်၍ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန် စေခြင်း၊ ငွေအကုန်အကျ သက်သာပြီး လုပ်ငန်းတွင် ကျယ်ခြင်း နှင့် လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်းတို့ကို လည်းကောင်း တောင်သူပညာပေး ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦး က မျိုးစေ့ချကိရိယာ ( Multi Crop Seeder )ဖြင့် ကုလားပဲမျိုးစေ့ချ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်နှင့် မျိုးစေ့ချကိရိယာစက်၏ အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက် လာသည့် ဒေသခံ တောင်သူများက မျိုးစေ့ချကိရိယာ စက်နှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြပြီး တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦးနှင့် ဝန်ထမ်းများက ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းလွင်၏ ကွင်းအမှတ်( ၉၁၀ ) လယ်မြေတွင် မျိုးစေ့ချ ကိရိယာ( Multi Crop Seeder ) ဖြင့် ကုလားပဲသီးနှံ လက်တွေ့သရုပ် ပြစိုက်ပျိုး ဆောင်ရွက်ရာ ဒေသခံတောင်သူ များက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ချကိရိယာ( Multi Crop Seeder ) လယ်ယာသုံးစက်ကိရိယာဖြင့် စိုက်ပျိုးပါက ဒေသခံ တောင်သူ များအတွက် ပင်ကြား၊ တန်းကြား ညီညာစွာ စိုက်ပျိုးနိုင်ခြင်းကြောင့် ကြားပေါင်းလိုက်ရန် လွယ်ကူခြင်း၊ ဆေးဖျန်းရန် လွယ်ကူခြင်း၊ သီးနှံမျိုးစေ့သည် မြေကြီးအောက် အစိုဓာတ်ရှိသောနေရာသို့ ရောက်ရှိစေပြီး မြေပြန် ဖုံးပေးထားခြင်းနှင့် မြေဖိ (Roller) ဖြင့် မြေဖိပေးထားခြင်းကြောင့် အပင်ပေါက်မှု နှုန်း ပိုမိုကောင်းမွန်စေခြင်း၊ ကြက်၊ ငှက် တိရစ္ဆာန်များ၏ မျိုးစေ့ကောက်ယူစားသုံးခြင်းမှ သက်သာ စေခြင်း၊ အပင်လေဝင်လေထွက် ကောင်းမွန်၍ သီးနှံဖြစ်ထွန်းမှု ပိုမိုအောင်မြင်စေပြီး သီးနှံအထွက်နှုန်း တိုးပွားခြင်း၊ ငွေအကုန်အကျ သက်သာစွာ ဖြင့် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ခြင်း၊ သီးနှံရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခြွေလှေ့စက်ကိရိယာဖြင့် လွယ်လင့်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦး၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )