မအူပင်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

မအူပင် သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အသင်းက စာရေးဆရာအောင်သင်းရေးသားသော ''ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မအူပင်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက ဂီတပညာရှင် ဦးပိုက်က အဖွင့် အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာအောင်သင်း ရေးသားသော ''ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ'' စာအုပ်အား Book Club ဥက္ကဋ္ဌ ဦးစောမောင်(စောမောင်ယော)က ဖတ်ကြားပြီးစာအုပ်ထဲမှ အချိန်ကိုဘယ်လိုသုံးနေလဲ ရည်မှန်းချက်နှင့် အမြင်ကျယ်မှု၊ ယုံကြည်ချက်ခိုင်မာရင် ရည်မှန်းချက်ခိုင်မာမည့်အကြောင်း၊ Book Club ဒုတိယဥက္ကဋ္ဌ ဦးစိုးက ဇွဲလုံးလနဲ့ကြိုးစားရင် အောင်မြင်မှုရနိုင်ကြောင်းBook Club ဖွဲ့ဝင်များဖြစ်သည့် ဦးဗိုလ်ထွေးက သတိရှိကြပါ ကိုယ့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်ဖို့နှင့် ဦးဝင်းမြင့်က လူငယ်တွေက ဘယ်လိုလျှောက်လှမ်းကြမှာလဲ စသည့်စာအုပ်ပါ အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြရာ တက်ရောက်ကြသည့် စာပေဝါသနာရှင်များက အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်သူဇာလှိုင် (မအူပင်)