ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ) ပွဲတော်စည်ကား သိုက်မြိုက်စွာကျင်းပ

ဘူးသီးတောင် ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော်ကျင်းပခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဂန္ဓရီကျေးရွာ၌ ကျင်းပပြု လုပ်သည်။

ရှေ့ဦးစွာ ခမီရိုးရာ ကြေးမောင်း(၉)ကြိမ်တီးခတ်ပြီး၊ ရိုးရာလင်္ကာဖြင့်ရွတ်ဖတ်သီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ဘူးသီးတောင်မြို့၊ ဂန္ဓရီလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း ဆရာတော် အရှင်အာဒိစ္စက ခမီရိုးရာ(ဆနီ)ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားကာ ခမီတေးသီခြင်းသီဆိုပြီး "နေ"ထွက်အက၊" လ"ထွက်အကဖြင့် ကပြဖျော်ဖြေ ခဲ့သည်။

ထို့နောက် ဘူးသီးတောင်မြို့နယ်၊ ခမီတိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းစိန်အောင် က ခမီရိုးရာ(ဆနီ)ပွဲနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့၊ မြိုတိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ ဒိုင်းနက်(ခေါ်)ဆက္ကမ တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့တို့က ကပြဖော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ခမီရိုးရာစစ်ရေးပြအက၊ ခမီရိုးရာ ဝါးညှပ်အကဖြင့် ကပြဖျော်ဖြေခဲ့ကာ ဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်ခဲ့ကြသည်။

ထို့နောက် ခမီရိုးရာနှစ်သစ်ကူး(ဆနီ) ပွဲတော်သို့ တက်ရောက်လာသည့် မျိုးနွယ်စုအက အဖွဲ့များက "စည်းလုံးကြစိုး"တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခမီရိုးရာနှစ်သစ်ကူး(ဆနီ) ပွဲတော်မှာခမီတိုင်းရင်း သားတို့၏ ဘိုး၊ဘွား လက်ထက်က တည်းက ကျင်းပလာခဲ့ကြတဲ့ ပွဲတစ်ခုဖြစ်ပြီး နေနဲ့လ ကို ပူဇော်တဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း နေ ထွက်လာချိန်မှာ" နေ" ထွက်အက၊ လ ထွက်လာချိန်မှာ "လ"ထွက်အကတို့နဲ့ ကပြရတဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး  နောက်ပိုင်းတွင် မြောက်ဦး မြို့နယ် လောင်းရှည်ချောင်း ကျေးရွာတွင် တစ်နှစ်ကျင်းပခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် မကျင်းပနိုင်ခဲ့ဘဲ၂၀၁၈ ခုနှစ်က စ၍ ဘူးသီးတောင်မြို့မှာ ပြန်လည်ကျင်းပလာတာဖြစ်ပြီး ခမီတိုင်းရင်းသားတွေဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုထဲက တိုင်းရင်းသားမျိုးနွယ်စု တစ်မျိုးဖြစ်ပြီး စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ လူဦးရေတစ်သိန်းခန့် နေထိုင်ကြကြောင်း ပွဲကျင်းပရေး ကော်မတီ ဦးသိန်းမောင်ထံမှ သိရသည်။

လှကျော် ( ပြန်/ဆက်)