အုတ်ဖို ဒီဇင်ဘာ ၁၉
မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေက အုတ်ဖို မြို့နယ်၊ အိုးသည်ကုန်းမြို့စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ ဈေး၀န်ထမ်းများနှင့် ဈေးသူဈေးသားများက လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ မီးသတ် မော်တော်ယာဉ်ဖြင့် ရေပတ်ဖြန်းမီးငြိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန်းလင်းအောင်၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များ၊ အရန်မီး သတ်တပ်ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း အခမ်း အနားသို့ အိုးသည်ကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်း ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၀င်များ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ လာရောက်အားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)