လမိုင်း ဒီဇင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပါဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ သန့်ရှင်းလတ်ဆက်သော အစားအသောက်များ ကိုရွေးချယ် စားသုံးကြရန်၊ အစားအသောက်များကို ကျက်အောင် ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန်စသည့် အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စကောကရင် ၊မြန်မာနှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
လမိုင်း(ပြန်/ဆက်)