မြောင်းမြ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre )တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ကွန့်မြူးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အဖြစ် ပုံတူဆွဲပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ရာတွင် မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်ပြီး ပုံတူဆွဲပြိုင်ပွဲတွင် ဆုရရှိသူများအား မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ စက္ကူခေါက်၊ စကားလုံးဆက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ရူပါအေး