မော်လမြိုင်အကျဉ်း ဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး

မော်လမြိုင် ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာများ အလိုက်မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက အကျဉ်းဦးစီးဌာနဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ ပေးကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ် မီးသတ်ဦးစီးဌာနမှူးဦးစိုးကျော်သူက မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသုံးစွဲရာတွင်လိုက်နာရမည့် စည်းကမ်းချက်များ၊ အရေးပေါ် အခြေအနေတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်း သတ်ခြင်း၊ သဲပုံး၊ ရေပုံးများ   မီးချိတ်၊ မီးကတ် မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံး အဆောင်ပစ္စည်းများထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပေးပြီး လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြပေးသည်။

ထို့နောက်ဝန်ထမ်းများက သိရှိလိုသည့် မီးဘေးအန္တရာယ်ကာကွယ်ရေးအချက်များ၊ အရေးပေါ် ဆက်သွယ် အကြောင်းကြားရမည့် ဖုန်းနံပါတ်များနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံ တို့ကို မေးမြန်း ကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြောင်းသိရသည်။

ဇာဖြူဝင်း မော်လမြိုင်ခရိုင်(ပြန်/ဆက်)