ဖောင်းပြင် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာလုပ်ငန်း များအား တွေ့ဆုံဆွေးနွေး ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မော်လိုက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အား ဖတ်ကြားကာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်မှ ဖောင်းပြင်မြို့နယ်သို့ လာရောက်စဉ် တွေ့ရှိချက်များအပေါ် ဖြည့်စွက်မှာကြား ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲ များက ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ဆွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်ရာခိုင်နှုန်းသို့ ရောက်ရှိရန် ထိုးနှံနိုင်ရေး ဆောင်ရွက်ကြစေ လိုကြောင်း၊ စာသင်ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်သင်ကြား ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူထံမှ ရရှိသည့် အခွန်ငွေများဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် လုပ်ငန်းအတွက် ကုန်ကျငွေပမာဏအား မြင်သာထင်သာရှိစေရေး ပြသဆောင်ရွက်ကြစေလိုကြောင်း၊ မူးယစ် ဆေးဝါးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုများအား တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကာကွယ် တားဆီးရေး ဆောင်ရွက်ကြစေလိုကြောင်း” အဓိကထားမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားသို့ မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)